တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေ

မင်းဘူး ဇူလိုင်  ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄) ချမ်းသာကြီးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်တွင် လက်မှုလုပ်ငန်း အများအပြားရှိပြီး ဖယောင်းတိုင်လုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ အုတ်လုပ်ငန်း၊ တောင်း၊ ဆန်ကော ဆန်ကာ ရက်လုပ်ခြင်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ အေဝမ်းမီးဖို ထုတ်လုပ်သည့်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ရက်ကန်းရက်လုပ်သည့် လုပ်ငန်းနှင့် မုန့်လုပ်ငန်း အမျိုးမျိုးအပြင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မြက်တံမြက်စည်းကို နေရာဒေသ အများအပြားတွင် ပြုလုပ်ကြသော်လည်း တွင်တွင်ကျယ်ကျယ်လုပ်သူ ရှားပါးသည်။

 

mdn

     

 

တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် မြက်ထုံး၊ ဝါး၊ လျှော်ကြိုး၊ သံ၊ ကြေးနန်းခွေ၊ ကော်စွပ် တို့ဖြင့် ပြုလုပ်ကြပြီး မြက်ထုံးများ၊ ဝါးများကို ဂုတ်ကြီး၊ အမ်းမြို့များမှဝယ်ယူကာ မြက်တစ်ထုံးလျှင် ကျပ် ၈၀၀၀၊ ဝါး ၁၀၀ စည်းတစ်စည်လျှင် ကျပ် ၁၂၀၀၀ ပေးရကာ ကြေးနန်းကြိုးခွေ၊ ပလတ်စတစ်ကြိုး၊ သံနှင့် ကော်စွပ်များကို မင်းဘူးဈေးမှ ဝယ်ယူ၍ ကော်စွပ်တစ်ခု ၂၀ ကျပ်၊  ပလတ်စတစ်လျှော်ကြိုးတစ်ခင် ၅၀၀ကျပ်၊ ကြေးနန်းကြိုးတစ်ခွေ ၁၀၀၀ ကျပ်၊ သံတစ်ဆယ်သား ၄၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ယောကျ်ားလေး ငါးယောက်၊ မိန်းကလေး ငါးယောက် တစ်နေကုန် ပြုလုပ်ပါက တံမြက်စည်းအချောင်းရေ ၁၀၀၀ ကျော်အထိပြီးကြောင်း သိရသည်။

     

တံမြက်စည်း ရောင်းဈေးများမှာ သုံးမျိုးရှိပြီး ဝါးရိုးတံမြက်စည်း အတိုတစ်ချောင်းလျှင် ၁၀၀၀ ကျပ်၊ အရှည်တစ်ချောင်းလျှင် ၁၅၀၀ ကျပ်၊ မြက်ပင်များကို စုစည်းပြီး ပြုလုပ်ထားသော စုတ်ပွ တံမြက်စည်း တစ်ချောင်းလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချရသည်။ လုပ်အားခများအနေဖြင့် တံမြက်စည်း တစ်ချောင်းပြီးလျှင် ၆၀ ကျပ် ပေးထားကာ တံမြက်စည်း ပြုလုပ်၍ပြီးသည့် အရေအတွက်အပေါ် မူတည်ကာ လုပ်အားခ ရှင်းပေရသည်။ ယောကျ်ားလေး၊ မိန်ကလေးတစ်နေ့ ၆၀၀၀ ကျပ်ရရှိ၍ တံမြက်စည်းလုပ်သူ အလုပ်သမားများမှာ အဆင်ပြေကြသလို တံမြက်စည်း လုပ်ငန်းရှင်များမှာလည်း တစ်နိုင်တစ်ပိုင် မိသားစု လုပ်ငန်းလေးဖြစ်၍ နိုင်နိုင်နင်းနင်း လုပ်နိုင်သည့်အပြင် အမြတ်များများ မယူဘဲ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ရောင်းချနိုင်သဖြင့် အဆင်ပြေလျက်ရှိကြောင်း  တံမြက်စည်း လုပ်ကိုင်ရောင်းချသူ ဦးမင်းဇော်ထံမှ သိရသည်။ 

 

ဇေယျာထက်(မင်းဘူး)