မုဒုံ ဇူလိုင် ၁၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ဘဲရမ်းကျေးရွာရှိ စိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကွင်းသရုပ်ပြပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျေးရွာနေ တောင်သူဦးကြီးများ တက်ရောက်၍ မုဒုံမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ ဗဟိုမျိုးသန့်ခြံ ဦးစီးမှူး ဦးဇော်လင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းပျိုးထောင်ထားရှိပုံ၊ ကောက်စိုက်စက်ဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်း​ပြောကြားသည်။

 

ထို့နောက် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က သဘာဝခရု ပိုးသတ်ဆေး (မယ်ဇယ်) အကြောင်း၊ သဘာဝဆစ်ပိုးကာကွယ်ဆေး (တမာကြိတ်ဖတ်) အကြောင်း၊   သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) အကြောင်းနှင့် အားသာချက်၊ အားနည်းချက်တို့ကို တောင်သူဦးကြီးများအား ရှင်းလင်းခဲ့ပြီး တောင်သူများ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

mdn

 

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးသီးနှံ စိုက်ပျိုး ရာသီတွင်  သီးနှံအထွက်နှုန်း  တိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေး နည်းစနစ်များ၊ သွင်းအားစု ပစ္စည်းများ ထောက်ပံ့ကူညီခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက  နယ်မြေကွင်းဆင်း ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စံပြစိုက်ကွက်ဧက ၂၀၀ စိုက်ပျိုးရန် လျာထား​ပြီး မြို့နယ်အတွင်းရှိ ကွမ်တာကျေးရွာ၊ တော်ကူး၊ တံခွန်တိုင်ကျေးရွာ၊ ဘဲရမ်းကျေးရွာတို့တွင် အကျိုးဆောင်တောင်သူများ  ပူးပေါင်းပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)