ကော့မှူး ဇူလိုင် ၁၂

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့‌မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ နှာခေါင်းစည်း Mask မတပ်ဆင်လာသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား အပူချိန်တိုင်းတာခြင်းများကို ယနေနံနက်က ဆောင်ရွက်နေကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော် ဦးဆောင်၍ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးရောင်း/ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးအတွင်းသို့ဝင်ရောက်ပါက ပါးစပ်နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန် လက်ကိုမကြာခဏဆေးကြောကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာရောင်းချကြရန်၊ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါပျံ့နှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ပြည်သူများက ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သုံးစွဲရေးအတွက် လက်ကိုင်စပီကာများဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်/ ရောင်းချမှု ရှိ/မရှိအား လိုက်လံစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။  

ကျော်သူရ (ကော့မှူး)