ကျိုက်မရော ၁၂ ဇူလိုင်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၄၃ ဦးအထိ ရှိလာပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ဇွန် ၂၉ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးကို အထက ကျိုက်မရောရှိ ဆရာမတစ်ဦး စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ပိုးတွေ့လူနာ ၃၆ ဦးထိ စံချိန်တင်တွေ့ရှိခဲ့ရာ ပိုးတွေ့သူ စုစုပေါင်း ၁၄၃ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာအမျိုးသားတစ်ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရခဲ့သည်။ ဆေးကုသဆဲလူနာ ၁၄၂ ဦး ရှိနေသေးကြောင်း၊ ကျိုက်မရောမြို့နယ်တွင် ကူးစပ်ပျံ့နှံမှုမှာ အလွန်လျင်မြန်လျက်ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို စနစ်တကျလိုက်နာကြရန် မြို့နယ်ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူများ က ရပ်ကွက် ကျေးရွာများအထိ လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး( ပြန်/ဆက်)


