ငါးသိုင်းချောင်း၊ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် အသိပေးချက်များကို မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက အများပြည်သူ ဆက်သွယ်သွားလာလျက်ရှိရာ ငါးသိုင်းချောင်းမြို့အဝင် ကြိုဆိုပါ၏လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဆုံ၊ စည်ပင်သာယာမြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးတို့တွင် အာယုပါလူမှုရေးအသင်း အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးကြေညာချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက တစ်အိမ်လျှင်တစ်ဦးသာ ထွက်ကြရန်နှင့် နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများ ရှောင်ကြဉ်၍ ပါဆယ်စနစ်ရောင်းချခြင်း၊ မိမိနေအိမ်တွင်သာ ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်၊ မိသားစုဝင်တစ်ဦး ဆေးစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက မိမိနေအိမ်အား (Lock Down) သတ်မှတ်ပြီး မိသားစုဝင်အားလုံး ပြင်ပသို့(လုံးဝ)ထွက်ခွာခြင်းမပြုရန်၊ (Stay At Home) သတ်မှတ်ထားသော မြို့နယ်(၄၅)မြို့နယ်မှ ယခုရက်ပိုင်းအတွင်း လာရောက်မှုများအား လုံးဝလက်မခံရန်နှင့် မိမိတို့ကိုယ်တိုင်လည်း အဆိုပါမြို့နယ်များသို့ အရေးတကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုကြရန်၊ အထက်ပါကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


