မကွေး ဇူလိုင် ၁၃
ယခုကာလရောက်တိုင်း ပျားကပ်ပါးပိုးမွှား ကျရောက်တတ်သည့် ဖြစ်စဉ်များရှိခဲ့ဖူးသည့်အတွက် မကွေးတိုင်းအတွင်း၌ Varroa Jacobsoni ကပ်ပါးမွှားကျမည်ကို ပျားမွေးမြူသူများ ဂရုစိုက်ရန် လိုအပ်ကြောင်း ပျားလုပ်ငန်းဦးစီးဌာနက သိရသည်။
မန္တလေးတိုင်းဒေသကြီးမှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ပြောင်းရွှေ့မွေးမြူလာသော ပျားစခန်း တချို့တွင် Varroa Jacobsoni ကပ်ပါးမွှားကို ယမန်နှစ် သြဂုတ်လ(၁)ရက်နေ့ကတွေ့ရှိခဲ့၍ အခြားပျားစခန်းများနှင့် ၆မိုင်အကွာသို့ ရွှေ့ပြောင်းခဲ့ရသည်။
“၂၀၀၀ ပြည့်နှစ်ဝန်းကျင်တုန်းက မကွေးတိုင်းမှာ Varroa ကပ်ပါးပိုး ကျခဲ့ဖူးတယ်။ ဒီ့နောက်ပိုင်း မကျတာ ကြာပါပြီ။ စိုးရိမ်စရာကောင်းတယ်။ ဒီပိုးက ထုတ်လုပ်မှုကိုလည်း လျော့ကျစေတယ်။ ပျားရဲ့ အင်အားလည်း ပျက်ဆီးလောက်တဲ့ အဆင့်ထိ ကျသွားတယ်။ ဒီပိုးဝင်လာရင် ပျားသားလောင်းပုပ်တဲ့ ရောဂါတွေလည်း ဝင်လာနိုင်တယ်။ ဒီရောဂါကျလာရင် ဆိုးကျိုးတွေက အများကြီး ရှိပါတယ်” ဟု ပျားမွေးမြူရေးလုပ်ကိုင်သူ ဦးကျော်တင်မြင့်က ပြောသည်။
ပျားမွေးမြူရေးလုပ်ကိုင်သူများမှာ ရာသီအလိုက်စိုက်ပျိုးသည့် နှမ်း၊ နေကြာ၊ ဇီးစသည့် သီးနှံခင်းများသို့ ရွှေ့ပြောင်းမွေးမြူ ကြလေ့ရှိသဖြင့် ရောဂါပိုး ကူးစက်မှုရှိလာနိုင်သည့် နယ်မြေဒေသအခြေအနေများကို ကြိုတင်လေ့လာဂရုစိုက်ရန် လိုအပ်ကြောင်း ပျားလုပ်ငန်းရှင်များထံ မှ သိရသည်။
“ဒီပိုးက အကောင်ကြီးပြီး အသက်ပြင်းတယ်။ ခုန်နိုင်တယ်။ ဝတ်မှုန်ကူး၊ ဝတ်ရည်စုပ်တဲ့အချိန်မှာ ရောဂါရှိတဲ့ပျားနဲ့ မရှိတဲ့ပျားတွေ့ပြီး ကူးစက်မှုနှုန်းက မြန်နိုင်တာပေါ့။ ၆၅ ရာခိုင်နှုန်း ပြင်းအားရှိတဲ့ ဖောမစ်အက်ဆစ်ကို ဖော့တုံးနဲ့ စွတ်၊ ပျားအုံထဲထည့်ပြီး အငွေ့ပျံစေပါတယ်။ ကပ်ပါးမွှားတွေ ပြုတ်ကျပြီး ဆက်မသွားနိုင်အောင် ပျားပုံးအောက်မှာ စားအုန်းဆီသုတ်ထားတဲ့ ဖလင်ပြားခံရပါတယ်။ ဌာနအနေနဲ့ ကြိုတင်ကာကွယ်တာ၊ စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေရပါတယ်” ဟု ပျားလုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။
တစ်နိုင်ငံလုံး၏ ပျားရည်ထွက်မှု ၆၀ ရာခိုင်နှုန်းရှိသည့် ဇီးစိုက်ခင်းများရှိရာ မုံရွာခရိုင်၊ ကနီမြို့သို့ ပျားမွေးမြူသူများ ပြောင်းရွှေ့ကြသည့်အခါ မိမိတို့ဒေသမှ ရောဂါပိုးပါမသွားအောင် စစ်ဆေးပြီး ထောက်ခံပေးရမည်ဖြစ်ကြောင်း၊ ပျားမွေးသူများကိုလည်း ရောဂါကာကွယ်ရေး သင်တန်းပေးထားကြောင်း တိုင်းဦးစီးမှူး ဦးစိုးနိုင် ထံမှ သိရသည်။
ကိုဇော်(မြို့သစ်)


