ကျောက်ဆည်    ဇူလိုင်   ၁၃ 
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ဇူလိုင် ၁၃ ရက်နံနက် ၉နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက တောင်သူများမိုးစပါးစိုက်ပျိုးရာသီတွင် အလုပ်သမားရှားပါးနေသည့်အချိန်၌ စက်ကိရိယာများအသုံးပြု၍ စပါးများစိုက်ပျိုးပါက အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်များ လည်းသက်သာစေခြင်းကြောင့် ကောက်စိုက်စက်အသုံးပြုကာ စပါးများစိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိစေကြောင်းနှင့် ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက မိုးစပါးစိုက်ပျိုးရာတွင် အလုပ်သမားများစွာအသုံးပြု၍ စိုက်ပျိုးကြရကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက စိုက်ပျိုးစရိတ် (၁)သိန်းခွဲခန့် ကုန်ကျခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက ငွေကျပ်(၆)သောင်း ခန့်သာကုန်ကျမှုရှိခြင်းနှင့် လုပ်အားခသက်သာစေခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များနုတ်ယူရန်မလိုအပ်ခြင်း၊ ကောက်ပင်လှန်ရက်စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကာင်းမွန်ပြီး စပါးအထွက် နှုန်းကောင်းခြင်း၊ ပေါင်းရှင်းလင်းခြင်း၊ သမန်းနိုးခြင်းအလွယ်တကူပြုလုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသောကြောင့် တောင်သူများအနေဖြင့် ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးကြရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ငှက်ကတောင်ကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ ရွာနန်းကျေးရွာ၊ သံရွာကျေးရွာ၊ ကတဲကျေးရွာများ၌ မိုးရာသီစပါးစိုက်ပျိုးရာတွင် ကောက်စိုက် စက်အသုံးပြု၍ စပါးစိုက်ဧက (၃၀) စိုက်ပျိုး ထားရှိပြီးဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး