ကော့သောင်း ဇူလိုင်    ၁၃ 

ကော့သောင်းမြို့ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေးနှင့် လူနာများအောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေလွယ်ကူစွာ ထုတ်ယူ အသုံးချနိုင်ရန် ဆောင်ရွက်မည့်အခြေအနေများအား ကော့သောင်းမြို့ ခုတင်(၁၀၀)ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ နိုင်ငံတစ်ဝန်း ကူးစက်မှုမြှင့်တက်ဖြစ်ပွားလျက်ရှိပြီး ကူးစက်မှုခံရသည့် ရောဂါသည် များ အောက်ဆီဂျင်လိုအပ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကော့သောင်းခရိုင်အနေဖြင့် အရေးပေါ် လိုအပ်လာမည့် အောက်ဆီဂျင်လိုအပ်မှု အားဖြည့်ဆည်းနိုင်ရေး ကော့သောင်းမြို့ အမှတ်(၂) စစ်ဗျူဟာ အဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးအောင်ဇော်လင်း ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များသည် ခရိုင် ပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်ထုတ်လုပ်မည့်စက်အခြေအနေနှင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် စက်အစိတ်အပိုင်းများ အမြန်ပြန်လည်ပြင်ဆင်နိုင်ရန် လိုအပ်သည့် စက်အစိတ်အပိုင်းတချို့ အမြန်ဆုံး ရရှိရေးနှင့် ပြင်ဆင်ရန် ပညာရှင်များခေါ်ယူနိုင်ရေး ခရိုင်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။

ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြင်သစ်နိုင်ငံထုတ် NOVAIR အမျိုးအစား သက်တမ်း (၅)နှစ်ခန့်ရှိပြီဖြစ်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် တစ်လုံးရှိပြီး စက်၏ ထုတ်လုပ်နိုင်မှု ပမာဏမှာ  ၂၄ နာရီအတွင်း (၁၅၀၀)စီစီဝင် အောက်ဆီဂျင်အိုးကြီး (၁၀)လုံး ထုတ်လုပ်ပေး နိုင်ကြောင်း၊ လက်ရှိအခြေအနေအရ စက်အစိတ်အပိုင်းတချို့ ချွတ်ယွင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ဆေးရုံ၌ အဆိုပါ အရွယ်အစားအောက်ဆီဂျင်အိုး အလုံး(၄၀) ခန့်အသင့်ရှိပြီး မြို့မိမြို့ဖ အလှူရှင်များ လှူဒါန်းမှု အချို့ရှိသော်လည်း ရောဂါကူးစက်မှုပိုမိုမြှင့်တက်လာပါက အောက်ဆီဂျင်လိုအပ်မှု ရှိလာနိုင်သဖြင့် ဆောလျင်စွာထုတ်လုပ်နိုင်ရေး အလေးထားစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)

mdn