မြင်းမူ  ဇူလိုင်  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်မားလျက်ရှိရာ ဇွန် ၆ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ ပေါင်း(၂၁၅)ဦးထိ ရှိလာခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀၁)ဦး  ရှိပြီး ဆေးကုသမှုခံယူနေသူ (၁၁၄)ဦး ရှိကြောင်းနှင့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာဆေးရုံအဆောက်အဦတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ဝင်၊ မြို့ထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိခြင်း၊ မြို့တွင်းလမ်းမကြီးများ၊ ဈေးများနှင့် ပိုးတွေ့လူနာပတ်ဝန်းကျင်လူနေအိမ်အဆောက်အဦများအား ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)

mdn