နမ့်စန်   ဇူလိုင်   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၀ သန်းစီဖြင့် နမ့်စန် မြို့နယ်အတွင်း ကျေးရွာ ၁၇ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

နမ့်စန်မြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လေးခု၊ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်း သုံးခု၊ ကျောင်းအုတ်တံတိုင်းကာရံခြင်းလုပ်ငန်း လေးခု၊ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု၊ အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း တစ်ခု၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ မြေသားလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်း သုံးခု စုစုပေါင်းလုပ်ငန်း ၁၇ ခုကို ယခုနှစ် မတ်လ ပထမပတ်က ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ဇော်မျိုးထွန်းက ပြောသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာ ပံ့ပိုးမှု၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ပံ့ပိုးငွေနှင့် ကျေးရွာလူထုထည့်ဝင်ငွေ စုစုပေါင်းငွေ ကျပ် ၂၁၀ ဒသမ ၉ သန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝသုန်ဦး(ကျေးလက်)

mdn