ဗန်းမော်     ဇူလိုင်    ၁၃

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့်လူနာများအား များပြားလာပါက ဆေးကုသဆောင်အဖြစ် ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများတို့သည် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခွဲက ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ထို့သို့ ကွင်းဆင်းရာ၌ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်စိုးနှင့်အဖွဲ့၊ ဗန်းမော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်တို့သည် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ (Positive)လူနာများအား များပြားလာပါက ဆေးကုသဆောင်အဖြစ် ထာရှိနိုင်ရေး အတွက် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်သို့ သွားရောက်၍ ဆေးကုသဆောင်အဖြစ် အသုံးပြုမည့်အဆောင်များကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးကူးခံရပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် ရောဂါကူးစက်ခံသူအား ဗန်းမော်မြို့နယ်တွင် (၄၅)ဦး၊ မန်စီမြို့နယ်တွင် (၄)ဦး၊ မိုးမောက်မြို့နယ်တွင် (၄)ဦးနှင့် ရွှေကူမြို့နယ်တွင် (၂ဝ)  ထပ်တိုးလူနာပေါင်း (၇၃)ဦးရှိခဲ့သည်။ 

ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့ညအထိ  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ဗန်းမော်မြို့နယ်တွင် (၂၇၇)ဦး၊ မန်စီမြို့နယ်တွင် (၃၇)ဦး၊ မိုးမောက် မြို့နယ်တွင် (၈၈)ဦးနှင့် ရွှေကူမြို့နယ်တွင် (၂၀၈)ဦး ရောဂါကူးစက်ခံရသည့် လူနာစုစုပေါင်း (၆၁၀) ရှိပြီးဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၅ဝ) ရှိကြောင်းနှင့် ဗန်းမော်ခရိုင်အတွင်း၌ သေဆုံးသူ (၆)ဦးရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)

mdn