ငဖဲ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP Phase -1) ဖြင့် ဓနရာဇာကုမ္မဏီကကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် လမ်းမီးများစတင်ရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၇နာရီက ပင်ဦးကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်နှင့်အဖွဲ့ဝင် များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ကျေးရွာပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မီးဖွင့်ပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာဦးအောင်ကျော်မြင့်က လမ်းမီးများစတင်ရရှိပြီး မကြာခင်အိမ်မီးများပါ ရရှိမှာဖြစ်သည့်အတွက် လျှပ်စစ်မီးများကိုစနစ်တကျသုံးစွဲတတ်ရန် လိုအပ်ကြောင်း၊လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ရမည့် အချက်များကို ကျေးရွာပြည်သူများအား အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါမီးရရှိရေးတွင်   နှစ်မိုင်ခန့် 100KVA ထရမ်စဖော်မာ၂လုံးနှင့် ဆက်စပ်ပစ္စည်းများကို NEP Phase -1 မှကျခံပြီး ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၇၀ ခန့် ဖြင့် ကျေးရွာတွင်းဗို့အားလိုင်းသွယ်တန်းခြင်း နဲ့လမ်းမီးပွင့် ၇၄ ပွင့်တပ်ဆင်ပြီး နေ့စဥ် ညနေ ၆နာရီမှ မနက် ၆ နာရီအထိ လမ်းမီးများထွန်းလင်းရရှိသွားမည်ဖြစ်ကြောင်းသိရသည်။

ငဖဲမြို့နယ်တွင်ယခုလအတွင်း NEP စီမံချက်ဖြင့် ကျေးရွာမီးရရှိသည့်ကျေးရွာများမှာ ပေကုန်း၊ ပင်ဦး၊ ရင်းရှည်၊ချောင်းဖြူ၊ ဆင်ချည်တိုင်၊ စာတတ်ကူကျေးရွာများဖြစ်ပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့်ကျေးရွာ မီးရရှိသည့်ကျေးရွာများမှာ နယ်ဇော၊ စစ်တော၊ မြစ်ဖျား၊ သရက်ပင်၊ ကံသာ၊ ငလှိုင်တောကျေးရွာ စုစုပေါင်း ၁၂ ရွာ လျှပ်စစ်မီးရရှိခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)

mdn