ရန်ကုန် ဇူလိုင် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး များ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။ 
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။ 
ယင်းနောက် သာသနာရေးရာဆိုင်ရာကိစ္စများ၊ ပညာရေးရာဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလက အတည်ပြုချက်ရယူကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများ အားလုံးက "ဇယန္တော ဗောဓိယာမူလေ" အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဇနီး ဒေါ်တင်တင်ညွန့်မိသားစုက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချလှူဒါန်းသည်။ ထို့အတူ ဦးကျင်ဦး ဇနီး ဒေါ်ချောစုလွင် Popular Group မိသားစုတို့က နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများအား ဆေးနှင့်ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲ(၁)နာရီတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယက အကျိုးတော်ဆောင် ဆရာတော်၊ ဒုတိယ ဥက္ကဋ္ဌဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ကြီး(၉)ပါးတို့က မြန်မာ ပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ COVID-19 ကပ်ရောဂါဘေး ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျှက် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေအမှန် ဖြစ်သည့် သီရိမင်္ဂလာကမ္ဘာ အေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ရတနသုတ်၊ မေတ္တသုတ် အန္တရာယ် ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။

သတင်းစဉ်

mdn