ပခုက္ကူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိစပ်သူများ၊ သံသယရှိသူများအတွက် စောင့်ကြည့်ရေးဌာနနှင့် ကုသရေးဌာနများကို ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိစပ်သူများ၊ အနံ့အရသာပျောက်ဆုံးနေသူများ၊ သံသယရှိသူများ၊ Stay at Home ဒေသများက လာရောက်သူများထားရှိရန် ပခုက္ကူမြို့၊ ပခုက္ကူ-မြိုင်လမ်းဘေးရှိ အမှတ်(၄) စက်မှုသင်တန်းကျောင်း၌ စောင့်ကြည့်ရေးဌာနကို ဖွင့်လှစ်ထားသည်။ အဆိုပါစောင့်ကြည့်ရေးဌာနတွင် RDT Test Kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးတွေ့ရှိသူများအား ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် လေယာဉ်ကွင်းဟောင်းရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ (ကုသရေးဌာန) မြစ်ခြေ၊ ကမ္မ၊ ကိုင်း၊ ကျပ်ပြည့် စသည့် တိုက်နယ်ဆေးရုံများတွင် ထားရှိပြီး ကျန်းမာရေးစောင့်ကြည့် ကုသပေးမည်ဖြစ်သည်။
လက်ရှိဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပခုက္ကူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က အမှတ်(၄) စက်မှုသင်တန်းကျောင်းတွင် စောင့်ကြည့်ရေးဌာနအဖြစ် အမျိုးသား၊ အမျိုးသမီး (၁၀၀)ခန့် ထားရှိမည်ဖြစ်ကြောင်း၊ ကုသရေးဌာနအဖြစ် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများနှင့် လေယာဉ်ကွင်းဟောင်းရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာတို့တွင် ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပြောသည်။
ပခုက္ကူမြို့နယ်တွင် ဇူလိုင် ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၀၈ ဦးရှိပြီး လေယာဉ်ကွင်းဟောင်း ဝန်ထမ်းအိမ်ရာ ကုသရေးဌာနတွင် ပိုးတွေ့သူ ၂၄ ဦး၊ ပခုက္ကူဆေးရုံတွင် ၁၈ ဦးနှင့် မြစ်ခြေတိုက်နယ်ဆေးရုံတွင် ၇ ဦး ထားရှိကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဇော်(အဝေးသင်)


