ရန်ကုန် ဇူလိုင် ၁၃
(၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သဖြင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများအနေဖြင့် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲကို ယခင်သတ်မှတ် ထားသည့်ရက်အတိုင်း ကျင်းပပါက ယခု နှစ်လယ်ပိုင်းတွင် စတင် လေ့ကျင့်မည်ဖြစ်သော်လည်း ပြိုင်ပွဲရွှေ့ဆိုင်းသွားသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်း မှာလည်း ပြန်လည်မြင့်တက်နေသဖြင့် စတင်လေ့ကျင့်မည့် အစီအစဉ်များ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းများအနေဖြင့် ယခုနှစ်အတွင်း အခြားနိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်မရှိသေး သဖြင့် ကပ်ရောဂါနှင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ကာလအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဧပြီလကုန် သို့မဟုတ် မေလဆန်းပိုင်းတွင် ပြန်လည်ကျင်းပရန် လျာထားပြီး ပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြုပြီးမှသာ စတင်လေ့ကျင့်ပြင်ဆင်ဖွယ်ရှိနေသည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲတွင်ပါဝင်မည့် ဖူဆယ်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်အား ခန့်အပ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဘန်လက်ချာယိုဝန်အား နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်းကို ၂၀၀၇ ခုနှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ပြိုင်ပွဲများတွင် ပါဝင်ပြီးနောက် ငါးကြိမ်မြောက်အဖြစ် လာမည့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံပါဝင်လာခြင်းဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF