ဂန့်ဂေါ   ဇူလိုင်  ၁၄

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးရန်ပုံငွေဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် RC (၄) ထပ် ကျောင်းသားအိပ်ဆောင်သစ်တည်ဆောက်လျက်ရှိရာ ယခုအခါလုပ်ငန်းဆောင်ရွက်မှု ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ) ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

တည်ဆောက်လျက်ရှိသော အဆိုပါကျောင်းသားအိပ်ဆောင်သစ်မှာ ကျောင်းသား (၁၆၀)ဆံ့  (RC) ၄ ထပ် ပေ(၂၁၁ x ၇၀) ကျောင်းသားအိပ်ဆောင်ဖြစ်ပြီး ပညာရေးရန်ပုံငွေ (၄၄၅.၅၈၄)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော Yaw Brothers Co.,Ltd ကတာဝန်ယူကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ စတင်၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကုန်တွင် ပြီးစီးအောင်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ကျောင်းသားအိပ်ဆောင် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် (RC) ၄ ထပ် ကျောင်းသား(၁၆၀)ဆံ့ ကျောင်းသားအိပ်ဆောင် ဆောက်လုပ်နေခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)