ပူတာအို ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ်ကျေးရွာကြားရှိ နမ်ရှယ် ချောင်းကူး ဘေလီသံဘောင်တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ  ယခုအခါတံတားတည်ဆောက်မှုလုပ်ငန်းပြီးစီးခြင်းကြောင့်  ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းနမ်ရှယ်ချောင်းကူးတံတားသည် ကွန်ကရစ်ခုံခံ နှစ်လွှာတစ်ထပ် သံဘောင်ဘေလီတံတား အမျိုးအစား ဖြစ်ပြီး တံတားအရှည်ပေ(၂၄၀) အကျယ်(၁၄)ပေနှင့် ချဉ်းကပ်လမ်း အရှည်ပေ(၆၆၀)၊ အကျယ်ပေ (၃၀)၊ အမြင့်(၁၅) ပေမြေဖို့ခြင်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေကျပ်သန်းပေါင်း (၅၉၉.၆၀၃)သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၈)ရက်နေ့မှလုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၀-ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးခဲ့ခြင်းဖြစ်သည်။

နမ်ရှယ်ချောင်းကူးဘေလီသံဘောင်တံတား တည်ဆောက်ပြီးစီးခြင်းကြောင့် ပမ္မတီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနှင့်လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ အတွက်အကျိုးပြုသည့်အပြင် မချမ်းဘော့မြို့နယ်မှ ကျေးရွာအချို့လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါတံတားမှ တန်(၂၀)အောက်ကုန်တင်ကားများ၊ ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင်ထံမှ သိရသည်။

အဆိုပါမလိခေါမ်ကျေးရွာသည် စိုက်ပျိုးမြေကောင်းမွန်သောကြောင့် ဥယျာဉ်လုပ်ငန်းများဖြစ်ထွန်းလျက်ရှိပြီး ပူတာအိုဒေသထွက် ဂရိတ်ဖရုသီး၊ အမေရိကန်သံပရာသီး၊ ဘုရင်သီးနှင့်အခြားသီးနှံများ ထွက်ရှိသောကျေးရွာဖြစ်သည်။ ယခင်က နမ်ရှယ်ချောင်းကူးကြိုးတံတားမှ ဒေသထွက်သီးနှံများကိုခက်ခဲစွာဖြင့် ပူတာအိုမြို့သို့ ပို့ဆောင်ခဲ့ရပြီး ယခုအခါနမ်ရှယ်ချောင်းကူး သံဘောင်ဘေလီတံတား ပြီးစီးခြင်းကြောင့် ပူတာအိုမြို့ပေါ်သို့ ဒေသထွက်သီးနှံများ အချိန်မီပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)