ကြည့်ရှုသူ သန်း ၂၀၀ ကျော်လွန်ခဲ့ပြီဖြစ်တဲ့ On the Ground

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ရိုဆယ်ဟာ သူ့ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် တေးသီချင်းနဲ့အတူ မှတ်တိုင်သစ်တွေ စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ Black Pink ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ရိုဆယ် ပထမဆုံးထုတ်လွှင့်ခဲ့တဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်း on the Ground ရဲ့ တေးဗီဒီယိုဟာ လက်ရှိမှာ ယူကျုပေါ်ကနေတစ်ဆင့် ကြည့်ရှုခဲ့မှုအကြိမ်ပေါင်း သန်း ၂၀၀ ကျော် လွန်ခဲ့ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဇူလိုင် ၁၃ ရက်မှာ အဆိုပါတေးဗီဒီယိုကို ကြည့်ရှုခဲ့သူ သန်း ၂၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် တေးသီချင်းကို ရိုဆယ်က မတ် ၁၂ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တာပါ။ ဒါကြောင့် အဆိုပါတေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် လေးလကျော်အကြာမှာ ယခုလိုကြည့်ရှုသူ သန်း ၂၀၀ ပြည့်မြောက်ကာ မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုလိုအချိန်တိုအတွင်း ကြည့်ရှုသူ သန်း ၂၀၀ ပြည့် မြောက်ခဲ့တဲ့အတွက်လည်း ရိုဆယ်ဟာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ရိုဆယ်ဟာ ၂၀၂၁ ခုနှစ်အတွင်း တေးသီချင်းထုတ်လွှင့်ခဲ့ကြတဲ့ တောင် ကိုရီးယားအမျိုးသမီး တေးသံရှင်တွေအနက် အချိန်အတိုဆုံးနဲ့ ကြည့်ရှုသူ သန်း ၂၀၀ ပြည့်မြောက်ခဲ့တဲ့ တေးသံရှင်အဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုဆယ်ဟာ on the Ground တေးဗီဒီယိုကို စတင်ထုတ်လွှင့်စဉ်ကတည်းက စံချိန်သစ်တွေ တင်နိုင် ခဲ့တာဖြစ်ပါတယ်။ အဆိုပါတေးဗီဒီယိုဟာ ကြည့်ရှုသူ သန်း ၁၀၀ ကို အချိန်အတိုဆုံးနဲ့ ရရှိခဲ့တဲ့ တေးဗီဒီယိုလည်း ဖြစ်ပါတယ်။ ယခင်က အဆိုပါစံချိန်ကို Black Pink ရဲ့ အခြားသော အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျန်းနီက ရယူထားခဲ့တာပါ။ ဒါ့အပြင် on the Ground ဟာ စတင်ထုတ်လွှင့်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ပွဲဦးထွက်တေးဗီဒီယိုတစ်ခုလည်း ဖြစ်ပါတယ်။ ရိုဆယ်ရဲ့ အခြား သော တစ်ကိုယ်တော်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Gone ရဲ့ တေးဗီဒီယိုဟာလည်း မကြာသေးမီက ကြည့်ရှုသူ သန်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အေးပြည့်