တောင်ကြီး     ဇူလိုင်     ၁၄ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးရုံးချုပ် (လေ)အစီအစဥ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်း သစ်ပင်ပေါက် ရောက်မှုမရှိသည့် အင်းလေး အရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောအတွင်း သစ်စေ့မြေလုံး (seed Ball)များကို ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီခွဲက ဟဲဟိုးမြို့ လေယာဥ်ကွင်းမှ ရဟတ်ယာဉ်ဖြင့် ကြဲချပေးကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးအရှေ့ကြိုးဝိုင်းအတွင်း (၆၃၄၆)ပေရှိ တောင်ကတုံး၊ အင်းလေးအနောက် ကြိုးပြင် ကာကွယ်တောအတွင်း (၄၈၆၂)ပေရှိ တောင်ကတုံးများပေါ်တွင် Seed Ball အလုံးပေါင်း (၂၀၀၀၀၀) (၆)ပြည်ဝင် ပီနံအိတ်ပေါင်း (၂၀၀) ပါဝင်သည့် သစ်မျိုးပေါင်း ဒေသမျိုး အပါအဝင် သစ်မျိုး (၈)မျိုးဖြစ်သည့် မယ်ဇလီ၊ ထင်းရှူး၊ ကယ်ရီရားနား၊ ဘောစကိုင်း၊ မန်ကျည်း၊ ရေသင်းဝင်၊ မျောက်ငို၊ ပင်စိမ်းတို့ကို ကြဲချ စိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အင်းလေးကန် ရေဝေရေလဲ ဒေသများတွင် ရဟတ်ယာဥ်ဖြင့် ကြဲချစိုက်ပျိုးခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ကြီး  ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

mdn