နတ်မောက်   ဇူလိုင် ၁၄ 

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ်အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊  နွားစာပြောင်းများအနက် မိုးနှမ်း (၁၂၃၂၉.၅၁) ဧက နှင့်  မြေပဲ (၆၂.၂၆)ဧကအတွက် တောင်သူပေါင်း (၆၃၉၁)ဦးအား စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးလို၊  မိုးခေါင် မှုကြောင့် ပျက်စီးသွားသောမိုးနှမ်းအတွက် တစ်ဧကလျှင်(၅၀၀ဝ)နှုန်းဖြင့် ငွေကျပ်(၆၃၅၁၅၃၅ဝ) ကို ကွင်းကြီးကျေးရွာအုပ်စု၊ နဘူးကွဲကျေးရွာအုပ်စု၊ တမာပင်ရပ်ကွက်၊ ဘုန်းတော်ပြည့်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကြီးကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ရွာမွန်ကျေးရွာအုပ်စု၊ ပ-ကျောင်းကုန်းကျေးရွာအုပ်စု၊ ပိတောက်ငုတ်ကျေးရွာအုပ်စု၊ ဖတ်သန်းတောင်ကျေးရွာအုပ်စုနှင့် မြင်းတဲကြီးကျေးရွာအုပ်စု ရှိတောင်သူများ၏ သီးနှံပျက်စီးမှု ဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလယ်/စီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကျေးစာရေးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် တောင်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ်(နတ်မောက်)