ရွှေဘို ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း တံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူနှင့် ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာ လမ်းကော်မတီ ဝင်များနှင့်အတူ ကွန်ဆိပ်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်း သတ်မှတ်သိပ်သည်းထု ပြည့်မီမှု ရှိ၊ မရှိ တိုင်းတာ ခြင်းနှင့် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၅၁၀၀ ၊ အကျယ် ၁၂ ပေကို ကျောက်ရောမြေ တစ်ပေထုခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းလုပ်ငန်းနှင့် Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ ရေပြွန်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၁၈ သန်းဖြင့် တင်ဒါ အောင်မြင်သည့် လင်းပန်းတိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွန်ဆိပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ တောင်သူ ၈၀ ၏ စိုက်ပျိုး မြေ ဧက ၈၀၀ ကျော် အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာ ထွက်ကုန်တွေကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)


