ကသာ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ(၁၅၀)ရှိခဲ့ပြီး (၈)ဦး သေဆုံးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ရုံးမှ သိရသည်။
ကသာမြို့ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၄ ရက်က သံသယလူနာ ၃၀ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Text Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၆)ဦး ရောဂါပိုးတွေ့ရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ဇူလိုင် ၁၃ ရက် စုစုပေါင်း ရောဂါပိုးကူးစက်ခံရသူ(၁၅၀) ရှိပြီး သေဆုံး(၈)ဦးရှိပြီ ဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူလူနာများအား ကသာမြို့ ပညာရေးကောလိပ်၌ ထားရှိကာ ဆေးကုသမူပေးနေကြောင်း ကသာမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။
ကသာမြို့နယ်တွင် ယခင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ရောဂါကူးစက်ခံရသူ နှစ်ဦးသာရှိခဲ့ပြီး အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


