ခင်ဦး ဇူလိုင် ၁၄
စစ်ကိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ခင်ဦးမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာဖြစ်သည့် ငကြိုင်းကျေးရွာသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆက်လက်လုပ်ကိုင် နိုင်ရေးအတွက် ချေးငွေထုတ်ချေးပေးရာတွင် ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ငကြိုင်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသား၊ အသင်းသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ထုတ်ချေးပေးမည့် စီမံကိန်းချေးငွေများကိုလည်း အကျိုးရှိရှိ စနစ်တကျ သုံးစွဲကြစေလိုကြောင်း၊ စီမံကိန်းချေးငွေများ လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်အောင် စနစ်တကျ ထုတ်ချေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် စီမံကိန်းဝင်အသင်းသားများက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး မြစိမ်းရောင်စီမံကိန်းဝင် အသင်းသား စုစုပေါင်း ၈၆ ဦးအတွက် စီမံကိန်းချေးငွေကျပ် ၂၉၇၀၀၀၀ အား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး


