ပွင့်ဖြူ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာတွင် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အန္တရာယ်မဖြစ်စေရေးအတွက်  လူနေအိမ်(၆)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရကာ နှစ်စဉ် မြစ်ရေတက်ချိန်များတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်များ ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းနံဘေးတွင် နေထိုင်လျက်ရှိသော (၄ ပင် × ၃ ပင်) ထရံကာ၊ သွမ်းမိုး ခြေတံရှည်အိမ် (၂)လုံး၊ သုံးပင်ပတ်လည် ထရံကာ၊ သွပ်မိုး ခြေတံရှည်အိမ် (၂)လုံး၊ လေးပင်ပတ်လည် ထရံကာ၊ သွပ်မိုး ခြေတံရှည်အိမ် (၂)လုံး စုစုပေါင်း လူနေအိမ်(၆)လုံးအား အန္တရာယ်မဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများက စုပေါင်းပြီး ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ပြန်/ဆက်)