မကွေး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက မကွေးမြို့ သီတဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုပြီး Mask များ၊ လက်အိတ်များနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ကံပြားကျေးရွာ စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် အပူချိန် တိုင်းတာပေးနေမှု၊ စာရင်းကောက်ယူမှုအခြေအနေနှင့် မော်တော်ယာဉ် ဝင်ထွက်မှု အခြေအနေများ စစ်ဆေးဆောင်ရွက်မှုနေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မကွေးမြို့ မြို့ရှောင်လမ်းရှိ ကမ္ဘာကျော် အောက်စီဂျင်ဓာတ်ငွေ့ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၏ အောက်စီဂျင် လိုအပ်မှုများ ဖြည့်ဆည်းနိုင်ရေးအတွက် နေ့စဉ်ထွက်ရှိသည့် အောက်စီဂျင်များအား အချိုးကျခွဲဝေ ရောင်းချပေးရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး တင်ပြမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်ရှိ/မရှိနှင့် ဆေးဝါးကုသဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်ချက် မရှိစေရေးအတွက် လက်ရှိ အသုံးပြုလျက်ရှိသော အောက်စီဂျင်စက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထပ်မံပြုပြင်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ငဖဲမြို့နယ် ပျဉ်းဝကျေးရွာ ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ထွက်ခွာလာရာ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ငဖဲမြို့နယ် ပျဉ်းဝကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး မော်တော်ယာဉ်များ ဝင်/ထွက်သွားလာမှု ကျန်းမာရေး စစ်ဆေးပေးနေမှု အခြေအနေများနှင့် ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ လေလံရောင်းချမည့် အဆောက်အဦ အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပျဉ်းဝ ကုန်စည်လွှဲပြောင်းရေး စခန်းရှိ ဂိတ်အဆောက်အအုံဟောင်းများကို မြို့နယ်အတွင်းရှိ လိုအပ်သော နေရာများတွင် အကျိုးရှိရှိ အသုံးချနိုင်ရေးနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စုပေါင်းဂိတ်၏ အထက် မြေကွက်လပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)


