ပျော်ဘွယ် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းကို ယခုနှစ် ဇန်နဝါရီလက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေးမွေးမြူရေး အခြားစီးပွါးရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ စျေးနှုန်းသက် သာစွာဖြင့် စျေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်ဌာန ငွေလုံငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒသမ ၉၁ သန်းဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မြို့မကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၇၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့် ၎င်းကုန်ထုတ် လမ်းပေါ်တွင် Box culvert တံတားနှစ်စင်းတည်ဆောက်ခြင်း၊ ချင်းယားကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့် ၎င်းကုန်ထုတ်လမ်းပေါ်တွင် Box Culvert တံတားတစ်စင်းတည်ဆောက်ခြင်း၊ ကုက္ကိုကိုင်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ထူးအံ့ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ပြောပြသည်။

မြို့မကျေးရွာ၊ ချင်းယားကုန်းကျေးရွာနှင့် ကုက္ကိုကိုင်းကျေးရွာတို့တွင် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာသုံးရွာရှိ စိုက်ပျိုးမြေဧက (၁၀၀၀) ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါစိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်များကို စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)