ဝန်းသို ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေနှင့် ကျေးရွာလူထုပူးပေါင်း၍ အရှည်ပေ(၈၀)ကျော်ရှိ ရွာအဝင်ကွန်ကရစ် တံတားတစ်စင်းကို တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၆၀ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အဆိုပါကွန်ကရစ်တံတားမှာ အရှည် ၈၄ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၀ ပေရှိပြီး မြို့နယ် ဦးစီး မှူးနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးချိန်တွင် ၂၄ ပေတစ်ခန်းနှင့်ပေ ၂၀ တစ်ခန်းတို့ကို သံဘောင် တင်ကွန်ကရစ် ကြမ်းခင်းခြင်း Slab လောင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိနေသော အကျယ်ပေ ၄၀ တစ်ခန်း သံဘောင်တင်ခြင်းနှင့် ကြမ်းခင်း Slab လောင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကံကုန်းကျေးရွာ ရွာအဝင်ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ အလှူရှင်တစ်ဦးမှငွေကျပ်သိန်း (၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၃၈.၆) သိန်းအပြင် ကျောက်၊ သဲအလှူရှင်များ၊ ကျေးရွာလူထု၏လုပ်အားများနှင့် ကျေးလက်ဦးစီးဌာန၏ နည်းပညာအကူအညီ ရယူ၍ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


