ညောင်ဦး ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မေလအတွင်းမိုးစတင်ရွာသွန်းမှုနှင့်အတူ မိုးကြိုကြဲနှမ်းများ ဖြစ်ထွန်းနေခြင်းကြောင့် နှမ်းများ နှုတ်သိမ်းရောင်းချချိန် ဈေးကောင်း ရရှိရန် မျှော်လင့်နေကြကြောင်း နှမ်းစိုက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးစတင်ရွာသွန်းခြင်းအား မေလဒုတိယပတ်မှစတင်ကာ ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လပထမပတ်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် မိုးကြိုကြဲ နှမ်းများ ပွင့်နေပြီဖြစ်သဖြင့် နှမ်းအထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေပြီဖြစ် ကြောင်း တက်မကျေးရွာ ဦးမောင်ဌေးက ပြောသည်။
ညောင်ဦးမြို့နယ်တွင် ဆီထွက်သီနှံဖြစ်သည့် မြေပဲနှင့်နှမ်းသာအဓိကထားစိုက်ပျိုးကြပြီး နှမ်းများအထွက်တိုးနိုင်ကာ နှမ်းစိုက်တောင်သူများ နှမ်းနှုတ်သိမ်းချိန် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
နှမ်းကြီးတစ်တင်း နှမ်းအသစ်တစ်တင်း ကျပ် သုံးသောင်းရှစ်ထောင်ဈေး ရောင်းချခဲ့ရပြီး နှမ်းဆီတစ်ပိဿာ ခြောက်ထောင်ငါးရာကျပ်ရောင်းချရကြောင်း ငါ့သရောက်မြို့ ဆီစက် ပိုင်ရှင် ဒေါ်အေးမိုးက ပြောသည်။
“နှမ်းဈေးကတော့ မနှစ်က အသစ်ဈေးလည်း သုံးသောင်းရှစ်ထောင် ကျပ်၊ ယခု အဟောင်းဈေးလည်း သုံးသောင်းရှစ်ထောင် ကျပ်၊ ယခုနှစ်နှမ်းနှုတ်သိမ်းပြီး အသစ်ပေါ်ချိန် မနှစ်ကဈေးထက် မနိမ့်ကျဖို့ တောင်သူအများစုမျှော်လင့်နေကြတယ်” ဟု တက်မကျေးရွာ နှမ်းစိုက်တောင်သူ ဦးမောင်ဌေးက ပြောသည်။
ကိုထိန်(KPD)


