ပွင့်ဖြူ        ဇူလိုင်      ၁၅

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် မိုးနှမ်း စိုက်ခင်းများဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ တောင်သူများ စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ယခု ၂၀၂၀ - ၂၀၂၁ မိုးနှမ်းစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် စနစ်တကျဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သဖြင့် တောင်သူများ စိုက်ပျိုးသည့် မိုးနှမ်း စိုက်ခင်းများမှာ ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများရင့်မှည့်လာပြီဖြစ်သဖြင့် တောင်သူများက မိုးနှမ်းစိုက်လယ်မြေ များတွင် မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားများ ငှားရမ်း၍ စတင်ရိတ်သိမ်းနေကြပြီ ဖြစ်ကြောင်း သိရသည်။ 

“ကျွန်တော်တို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီ သီးနှံများစိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာတော့ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးခဲ့လို့ ဖြစ်ထွန်းမှု ရှိပါတယ်။ ဒါ့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်တွေ ပံ့ပိုးကူညီပေးပါတယ်။ အခုဆိုရင် မိုးနှမ်းစိုက်ခင်းတွေဟာ ရင့်မှည့်လာပြီဖြစ်လို့ တောင်သူတွေက မိုးနှမ်းစိုက်ပျိုးတဲ့ လယ်မြေတွေမှာ မိုးစပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး နေ့စားအလုပ် သမားများ ငှားရမ်းပြီး အပြိုင်အဆိုင် ရိတ်သိမ်းနေကြပြီ။ ကျွန်တော်တို့ဒေသမှာ အများဆုံး စိုက်ပျိုးတာကတော့ စမုံနက်နှမ်းမျိုး ဖြစ်ပါတယ်။ ယခုလက်ရှိ ဈေးနှုန်းကတော့ တစ်တင်းကို ငွေကျပ် ၅၀၀၀၀ ကျော်ဝန်းကျင် အရောင်းအဝယ် ဖြစ်နေတယ်။ သီးနှံအထွက်နှုန်းကတော့ တစ်ဧကကို အနည်းဆုံး (၁၂)တင်းလောက်အထိ ထွက်ရှိတယ်။ ပြီးခဲ့တဲ့နှစ်က နှမ်းဈေးနှုန်းကောင်းတော့ တောင်သူတွေ တွက်ချေကိုက်ပေမယ့် ယခုနှစ်မှာတော့ နှမ်းဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ဈေးကောင်းရရှိဖို့အတွက် တောင်သူတွေက မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ မိုးနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူ ဦးဖိုးပါက  ပြောသည်။  

ရဲဝင်းနိုင်(ပြန်/ဆက်)