ကောလင်း ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်အတွင်း ကောက်စိုက်ခများ စျေးမြင့်သဖြင့် ကောက်စိုက် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာက ဒီနှစ်က မိုးရွာတာ နောက်ကြပြီး ယမန်နေ့ကမှ မိုးသည်းထန်လို့ လယ်ရှင်တွေ စိုက်ပျိုးရေရတုန်း စိုက်ကြရတာ။ အလုပ်သမားက ရှားတဲ့အတွက် လယ်တစ်ဧကကို ကောက်စိုက်ခ ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ အထိ စျေးမြင့်တယ်။ နေ့စားဆိုရင် တစ်ယောက်ကို နံနက် ၆ နာရီမှ ၁၀ နာရီအထိ ကျပ် ၅၀၀၀ နှုန်းပေးရကြောင်း စိန်လည်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
“ကျွန်မတို့ ကောက်စိုက်အဖွဲ့က ဧက ၃၀ ကျော် လက်ခံထားပါတယ်။ ယခင်နှစ်တွေက ကောက်စိုက်ခ တစ်ဧကကို ကျပ် ၄၀၀၀၀ နဲ့ စိုက်ပျိုးပါတယ်။ ဒီနှစ်တော့ ကျွန်မတို့လည်း သူများစျေးအတိုင်း ရိုးရိုးစိုက်၊ ကြိုးတန်းစိုက် အတူတူပါပဲ၊ တစ်ဧကကို ကျပ် ၄၅၀၀၀ နဲ့ စိုက်ပေးပါတယ်။ နံနက် ၆ နာရီမှ စစိုက်ပြီး မိုးချုပ်သည်အထိ စိုက်ရတယ်။ တစ်ဧကကို ခုနစ်ယောက်နှုန်း၊ တစ်ရက်ပုံမှန်ဝင်ငွေ တစ်ယောက်ကို တစ်သောင်းကျော်ရတယ်” ဟု ကောက်စိုက်အငှားလိုက်သူ ဒေါ်အေးအေးမြင့်က ပြောသည်။
ကောလင်းခရိုင်အတွင်း ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧကမှာ ဝန်းသိုမြို့နယ်တွင် ၃၈၉၈၉ ဧက၊ ပင်လည်ဘူးမြို့နယ်တွင် ၆၁၃၆၂ ဧက၊ ကောလင်းမြို့နယ်တွင် ၉၉၂၄၂ ဧက စုစုပေါင်း ၁၉၉၅၉၃ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း ကောလင်ခရိုင် စိုက်ပျိုးရေးရုံးမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)





