နေပြည်တော် ဇူလိုင် ၁၅

 

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ Food, Agriculture and Forestry Division မှ Senior officer-Mr. Dian Sukmajaya နှင့် Officer- Ms. Gemilang Haifa Khairinissa ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့် အာဆီယံမိတ်ဖက်အဖွဲ့ အစည်းများ ဖြစ်သည့် AFoCO ၊ European Forest Institute ၊ FAO တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်သည်။

 

စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်း (၁၂) မျိုးဖြစ်သည့် ပင်လယ်ရေမှော်နှင့် ပင်လယ်ရေမှော် အခြေခံထွက်ကုန်၊ ကိုကိုး နှင့် ကိုကိုးအခြေခံ ထွက်ကုန်များ၊ အုန်းနှင့် အုန်းအခြေခံထွက်ကုန်များ၊ ကော်ဖီ၊ သစ်တောထွက်ကုန်ပစ္စည်းများ (ကျွန်းသစ် နှင့် အခြားသစ်တောထွက် ကုန်ပစ္စည်းများ)၊ ဆီအုန်း၊ ပဲမျိုးစုံ၊ ငရုတ်ကောင်း၊ ပီလောပီနံ အခြေခံထွက်ကုန်များ၊ လက်ဖက်၊ တူနာ (ငါးနှင့်စည်သွပ်ဗူး) နှင့် ပိုးချည်ထွက်ကုန်များကို ရေရှည်တည်တံ့သော စနစ်များဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်း (၁၂) မျိုးအနက် ပဲမျိုးစုံကဏ္ဍအတွက် မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံဒေသအတွင်း ပဲမျိုးစုံ သီးနှံထွက်ကုန်ဆိုင်ရာ လုပ်ငန်းမျာ းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပဲမျိုးစုံဆိုင်ရာ လုပ်ငန်းစဉ် (၂၀၁၉-၂၀၂၄) (Strategic Plan of Action on Peas and Beans, 2019-2024) အရ အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းများ၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် စိုက်ပျိုးရေး ထွက်ကုန်များ၏ ဈေးကွက်အပေါ် ထိခိုက်နေမှုကို တုန့်ပြန်ကျော်လွှားနိုင်သည့်နည်းလမ်းများ၊ ပို့ကုန် ဈေးကွက်တည်ငြိမ်ရေး၊ တင်ပို့ရောင်းချမှုများ ခိုင်မာအားကောင်းလာစေရန်  အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် အကောင်းဆုံးနည်းလမ်းများကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

mdn