ဇီးကုန်း ဇူလိုင် ၁၆

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဘော်ဘင်ကျေးရွာအုပ်စု၊ သရက်တပင် ကျေးရွာအုပ်စုနှင့် ကံကလေးကျေးရွာအုပ်စုတို့မှ နိုင်ငံသားစိစစ်ရေးကတ် ၁၆၉ ခု၊ အိမ်ထောင်စု လူဦးရေစာရင်း ၅၈ စုတို့အား တာဝန်ရှိသူတို့မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများထံသို့ ပေးအပ်ခဲ့သည်။

 

ဇီးကုန်းမြို့နယ်တွင် အဆိုပါပန်းခင်းစီမံချက်ကို မေလ ၃ ရက်နေ့မှ စတင်၍ ၁၈ လအတွင်း နိုင်ငံသားစိစစ်ရေးကတ် ၂၈၃၈ ခုအား ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ၅၅၁ ခု၊ အိမ်ထောင်စုလူဦးရေစာရင်း ၂၁၄စုတို့ကို ပြုလုပ်ပေးအပ်ပြီးစီးကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

 

တင့်ဆွေ (ပြန်ဆက်)