တံတားဦး ၊ ဇူလိုင်  ၁၆

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ ကောင်းမွန်သော တိရိစ္ဆာန် မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် ပန်းယျ ကျေးရွာ ရတနာမဉ္ဇူဘုရားဓမ္မာရုံ၌ ကျင်းပသည်

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူ ဒေါက်တာ ဇော်မင်းဦးက ကောင်းမွန်သော တိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဌာနမှရေးဆွဲထုတ်ပြန်ထားရှိသည့် အချက်(၆)ချက်ရှိပါကြောင်း၊ အရည်အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ထုတ်ကုန်များ မွေးမြူထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်ရေး၊ (GAHP)ကို စနစ်တကျလိုက်ပါ ကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့် တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ ခြံအလုပ်သမားများ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မိမိတို့ခြံမှထွက်ရှိသော အသား ၊ နို့ ၊ ဥစသည့်တို့ကို စားသုံးသူများ အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊  ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းလာခြင်းနှင့် ဇိဝလုံခြုံမှု ပိုမိုကောင်းမွန်လာပြီး ကူးစက်ရောဂါကျရောက်မှုမရှိရေး စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တံတားဦးမြို့နယ် ပန်းယျကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ ၁၅) ဦး တက်ရောက်ကြပြီးသင်တန်းကို ၂ ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တိရိစ္ဆာန်မွေးမြူထုတ်လုပ်ရေး သင်တန်းကိုလည်း မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ရုံး၌ သင်တန်းသား သင်တန်းသူ ၃၀ ဖြင့် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူ ထံမှသိရသည် ။

 

အောင်ကျော်မိုး(တံတားဦး)