ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့မှ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၈) စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇူလိုင် ၁၆ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က မိုးတွင်းကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည့်အတွက် မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနှင့် မုန်းချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် ကမ်းပြိုကျမှု အန္တရာယ်ကင်းဝေးရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ နယ်မြေအလိုက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာဌာနများသို့ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ကြစေလိုကြောင်း၊ ယခု နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ သုံးစွဲသွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်စုကျေးရွာတို့မှ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၈) စုအား အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှုန်းနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၃၃ ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးထောက်ပံ့ငွေကျပ် ၆၉၃၀၀ အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


