ရန်ကုန်  ဇူလိုင်    ၁၆

ဗီဇပြောင်းကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် လူအများ နေ့စဥ်စားသုံးနေသည့် ဟင်းသီးဟင်းရွက်များထဲမှ အချို့ဟင်းသီးဟင်းရွက်များသည် ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉အား ကာကွယ်မှုပေးနိုင်သည်ဟူသော ရေးသားမှုများကြောင့် ဝယ်လိုအား မြင့်မားကာ ဈေးနှုန်းလဲမြင့်မားလာကြောင်း ဈေးဝယ်သူ အိမ်ရှင်မများ ထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မြန်သလောက် လူသေဆုံးမှုများကိုလည်း ကြားသိနေရပြီး မီးဖိုဆောင် သုံး ဟင်းချက်သီးနှံများဖြစ်သည့် ဂျင်း၊ သံပုရာသီး၊ ကြက်သွန်နီ၊ ပင်စိမ်း၊ လောက်သေရွက်၊ ဂွေးတောက်ရွက်၊ ဒန့်ဒလွန်ရွက်၊ ကွမ်းရွက်နှင့် ကြက်ဥတို့သည် ကိုဗစ်-၁၉ ရောဂါအတွက် တစ်စိတ်တစ်ပိုင်း အကျိုးပြုသည်ဟူသော ဖေ့ဘုတ်(လူမှုကွန်ရက်စာမျက်နှာပေါ်)တွင်ရေးသားမှုများကြောင့် ဝယ်ယူသူများပြားလာပြီး ယခင်ကထက် ဈေးနှုန်းလဲမြင့်လာကြောင်း သိရသည်။

အဆိုပါ အသီးအနှံများနှင့် ကြက်ဥတို့သည် လူအများ၏ နေ့စဥ်စားသုံးမှုတွင် ပါဝင်သည့် အမယ်များ ဖြစ်ပြီး ယခင်ကိုဗစ်ကာလများတွင် ရောင်းဝယ်မှု ပုံမှန်သာရှိခဲ့ပြီး ယခုကိုဗစ်တတိယလှိုင်းကာလတွင် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်မှုများ ပေးစွမ်းနိုင်သည်ဟူသော ဖေ့ဘုတ်စာမျက်နှာပေါ် မှ ရေးသားမှုများကြောင့် လူအများဝယ်ယူစားသုံးမှုများလာပြီးဈေးနှုန်းများ မြင့်မားလာခြင်းဖြစ်သည်။

"ခုဆို ကြက်ဥဈေးက အရင်ကထက် မြင့်လာတယ်၊ ကြက်ဥကို တစ်ယောက်တစ်နေ့တစ်လုံး စားရမယ်ဆိုတော့ ဝယ်လိုအားက မြင့်လာတာပေါ့၊ အသီးအရွက်တွေကတော့ ပုံမှန်ဆိုပေမယ့် ဈေးအနည်းငယ် တက်တယ်၊ ဥပမာ  အရင်က တစ်စီးတစ်ရာဆိုရင် ခုတစ်ရာ့ငါးဆယ် နှစ်ရာ၊ အရွက်ထဲမှာ ဝယ်လိုအားမြင့်ပြီး ဈေးနှုန်းမြင့်လာတာက ဂွေးတောက်ရွက်ပေါ့၊ အရင်က ဂွေးတောက်ရွက်ဆို ခါးလို့ မဝယ်ဖြစ်ကြတဲ့သူတွေတောင် အောက်ဆီဂျင်တက်တယ်ဆိုပြီး အဝယ်လိုက်တဲ့ ဟင်းရွက်စာရင်းဝင်ဖြစ်နေပြီ"ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

ကြက်ဥပြုတ်စားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်မှုပေးနိုင်သည်ဟူသော ရေးသားမှုကြောင့် ဒလမြို့နယ်တွင် ကြက်ဥအား ယခင်ကထက်ဝယ်ယူမှုများသော်လဲ ဈေးကွက်အတွင်း ကြက်ဥများရှားပါးသွားခြင်း အဆမတန်ဈေးနှုန်းမြင့်တက်ခြင်းများ မရှိကြောင်းသိရပြီးစားသုံးဟင်းရွက်များတွင် ဂွေးတောက်ရွက်နှင့်ပင်စိမ်းပင်များ အဝယ်သွက်နေကြောင်း သိရသည်။

နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဟူသည့် ဆိုရိုးစကားပမာ မီးဖိုဆောင်သုံးဟင်းသီးဟင်းရွက်များသည် လူတို့၏ အဟာရအတွက်သာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုလျက်ရှိသည့် အစာလဲဆေး ဆေးလဲအစာဖြစ်သည်။

"အရင်က လောက်သေရွက်ဆို ခုခေတ်လူငယ်အချို့ မမြင်ဘူး မတွေ့ဘူးကြဘူး၊ခုဆို ဈေးတွေမှာ မရှိလို့ ရှိတဲ့နေရာ လိုက်ရှာခူးကြတယ်၊ ဖေ့ဘုတ်ရဲ့ကောင်းကျိုးတစ်ခုပါပဲ၊ နဂိုကတည်းက ဆေးဖက်ဝင်ပြီးသားလေ၊ မလေ့လာကြလို့ပါ၊ လောက်သေရွက်၊ပင်စိမ်း၊ ဂွေးတောက်ရွက်တွေ ရောင်းကောင်းတယ်၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် လို့ဆိုထားတာပဲ၊" ဟု အောင်ဇေယျဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

မောင်ယဥ်ဦး