ဟားခါး ဇူလိုင် ၁၆

 

ချင်းပြည်နယ် ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာ (၆၇၆ ဒသမ ၄၅) ဧကအတွင်း မဲနှိုက်စနစ်ဖြင့် ပထမအကြိမ် မြေကွက်ရရှိသူ ပြည်သူ (၂၄၆) ဦးအား မြေပေးမိန့်နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ချင်းပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဟားခါးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ကော်မတီ ဉက္ကဋ္ဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

 

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့  မြေကွက်ရရှိသည့် ပြည်သူများအနေဖြင့် ရရှိသည့် မြေကွက်၌ နေအိမ်ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း စသည့်လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ရန်လိုကြောင်း၊ ဟားခါးမြို့၌နေထိုင်ပြီး အိမ်မြေကွက်အမှန်တကယ် ပိုင်ဆိုင်မှုမရှိသေးသူများ အနေဖြင့်လည်း မြေကွက်လျှောက်ထားလို့ ရရှိသေးကြောင်းကို ယနေ့အခမ်းအနား တက်ရောက် လာကြသူများက ပြည်သူများထံသို့ တစ်ဆင့်ပြောပေးစေလိုကြောင်းနှင့်  ကိုဗစ်−၁၉ ရောဂါကို ချင်းပြည်နယ် အတွင်း ကူးစက်ပျံ့နှံ့နေပြီဖြစ်သဖြင့် ရောဂါသံသယရှိပါက မိမိနေအိမ်တွင် ဆေးမြီးတိုနည်းဖြင့် ကုသမှု မပြုလုပ်ဘဲ ပြည်သူ့ဆေးရုံသို့ စစ်ဆေးကုသမှုခံယူရန်လိုကြောင်း၊ ရောဂါရှိ မရှိကိုလည်း အခမဲ့စစ်ဆေးပေး လျက်ရှိကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ဟားခါးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း မြေကွက်စိစစ်နေရာချထား ရေး ဆပ်ကော်မတီဉက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကော်မတီဝင်(၃) ဦးကျော်ငြိမ်းက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများက မြေပေးမိန့်နှင့် မြေစာရင်းပုံစံ(၁၀၅/၁၀၆)များ ကို မြေကွက်ရရှိသူများထံသို့ ပေးအပ်ရာ မြေကွက်ရရှိသူများ ကိုယ်စား ပုဂ္ဂိုလ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ(၄)ရပ်မှ ကော်မတီဝင်များနှင့် မြေကွက်ရရှိသူ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)