မူဆယ် ၁၆ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြိုတွင် Covid-19 ကူးစက်ရောဂါ တတိယလှိုင်းအဖြစ် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားပြီး နေ့စဉ်ကူးစက်လူနာ တိုးပွားလျက်ရှိရာ Quarantine Centre ဖြစ်သော ပြည်သူ့ဆေးရုံ၊ ကုတင် (၂၀၀) ပြည်သူ့ဆေးရုံသစ်နှင့် တရုတ်စာသင်ကျောင်းတို့တွင် ထားရှိရာ လူနာပေါင်း (၆၀၀) ကျော် ရှိလာပြီဖြစ်သဖြင့် ကူးစက်လူနာသစ် တိုးပွားလာပါက ထားရှိရန်နေရာ အခက်အခဲ ရှိလာပါသည်။
ထို့ကြောင့် မူဆယ်မြို့ရှိ ရွှေနန်းတော် ခရီးသွားစင်တာ အဆောက်အဦးအား Covid-19 ရောဂါ ကူးစက်ခံလူနာသစ်များ လက်ခံထားရှိနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး (စစ်ထောက်) ဗိုလ်မှူးကြီးဇေယျာဝင်း ဦးစီးပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (မူဆယ်) အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများက Covid-19 ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်းသိရသည်။
အဆိုပါ ရွှေနန်းတော်ခရီးသွားစင်တာအား Covid-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ပြီးပါက Covid-19 အတည်ပြုလူနာ (၆၀၀) အား ထားရှိလက်ခံနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အယ်လ်စိုး(မူဆယ်)


