နေပြည်တော် ဇူလိုင် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် MoU, LoA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေး ခြင်း၊ အစီရင်ခံစာစစ်ဆေးခြင်း၊ မြေပြင်စစ်ဆေးခြင်းများအတွက် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် စီမံကိန်းမစတင်မီ၊ စီမံကိန်းကာလအတွင်းနှင့် စီမံကိန်း ပြီးမြောက်သည့် ကာလများအလိုက် လိုအပ်ချက်များကို သုံးသပ်အကဲဖြတ်ရမည့် လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းမဆောင်ရွက်မီအခြေအနေ၊ စီမံကိန်းဆောင်ရွက် နေစဉ်ကာလအတွင်း စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် စီမံကိန်းပြီးမြောက်ပြီး မျှော်မှန်းရလဒ်များ ပြည့်မီမှု ရှိ/မရှိ စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းစနစ်များ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည့် အတွက် မိမိတို့ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်(TOR)တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ToR ရေးဆွဲရာတွင် သတ်မှတ်ဒေသ၊ သတ်မှတ်လုပ်ငန်း ဆောင်ရွက်ခြင်းရှိ/မရှိ၊ သတ်မှတ်ရန်ပုံငွေ၊ သတ်မှတ်နည်းစနစ်၊ ဆောင်ရွက်မှုပုံစံ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ/မရှိ၊ ဒေသခံလူထုနှင့် ဆက်သွယ်မည့်ပုံသဏ္ဍာန်၊ စီမံကိန်း၏ အကျိုးရှိမှု၊ နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်ခြင်း ရှိ/မရှိ၊ လုံခြုံရေးအရ သတ်မှတ်ထားသော နေရာများကို သွားလာခြင်းနှင့် သတင်းရယူမှုပုံစံ စသည်တို့ကို စိစစ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team)ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်း ညွှန်များရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


