ပွင့်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇူလိုင် ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံသူဦးရေ ၁၀၄ ဦးအထိရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူဦးရေ ၂၈ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးနှင့် ကာကွယ်ကုသခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေး ကော်မတီက ဦးဆောင်၍ Stay Home မြို့နယ်များမှ ပြန်လာသော နေရပ်ပြန်လာသူများ၊ အနံ့မရရှိသူများနှင့် ကိုဗစ်ပိုးတွေ့ရှိသူများနှင့် ထိစပ်မှုရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့တိုင်း RDT (Test Kits) ဖြင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်၍ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိသူများကို ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ မိုးကုတ်ရိပ်သာ ကျောင်းတိုက်တွင် ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြားသော Stay Home မြို့နယ်များမှ ပြန်လာသော နေရပ်ပြန်လာသူများကို ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်းရှိ ဂျပန်ဆောင်တွင် စီစဉ်ထားရှိသော Facility Quarantine Centre တွင် ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထားရှိကာ လိုအပ်သော စားဝတ်နေရေး ကိစ္စအဝဝကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ပြန်ရေး ကော်မတီ ယာယီဥက္ကဋ္ဌ ဦးတင်မြင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ ကိုဗစ်ပိုးကူးစက်ခံရသူများ တွေ့ရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်ပိုး အတည်ပြုလူနာ ၁၀၄ ဦးအထိ တွေ့ရှိခဲ့ကာ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများအနက်မှ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၈ ဦးရှိကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူ အတည်ပြုလူနာ ၇၆ ဦး ကျန်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်နှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ မြို့အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိပြီး မြို့တွင်းဖြတ်သန်းသွားလာသော ခရီးသည်ပို့ဆောင် ရေးယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် မော်တော်ဆိုင်ကယ်စီးနင်း သွားလာသူများကို ရပ်တန့်စစ်ဆေးကာ ခရီးသွားလာခွင့် ကျန်းမာရေးထောက်ခံချက် ပါ၊ မပါ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ခရီးသွားရာဇဝင် မှတ်တမ်းပြုစု၍ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြို့နယ်လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းပြီး လူစည်းကာရာ ဈေးများနှင့် ဌာနဆိုင်ရာ ရုံးများ၊ ကိုဗစ်ပိုးတွေ့ရှိသည့် လူနေအိမ်များသို့ သွားရောက်ပြီး ကြိုတင်ကာကွယ်ခြင်း အနေဖြင့် ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


