ဘားအံ ဇူလိုင် ၁၇

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ (/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ () Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ရောဂါဖြစ်ပွားမှု အခြေအနေများမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၃၉၈၄ ဦးရှိခဲ့ပြီး ဆေးရုံဆင်းသူ ၂၈၉၈ ဦးရှိကာ သေဆုံးသူ ၁၀၁ ဦး ရှိခဲ့ကြောင်း၊ ယနေ့ထိ ဆေးရုံများတွင် အထူးကြပ်မတ်ကုသမှု ခံယူနေရဆဲ ပိုးတွေ့အတည်ပြုလူနာ ၉၄၅ ဦး ရှိနေသေးကြောင်း၊ ထို့အတွက်ကြောင့် သေဆုံးမှု ရာခိုင်နှုန်းသည် ဒသမ ၅၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပိုးတွေ့လူနာများမှာ မြင့်တက်နေဆဲဖြစ်ပြီး လျော့ကျခြင်းမရှိသည့် အတွက်ကြောင့် ကော်မတီအနေဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မိမိကစ ကာကွယ်ပါဆိုသည့်အပိုင်းကို အားလုံးလိုက်နာနိုင်မှသာလျှင် ကာကွယ်သည့်အပိုင်းကို ထိရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိန်းချုပ်နိုင်ဖို့အတွက် မြို့များ၊ ဈေးများတွင် ဆေးဆိုင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များမှလွဲ၍ ကျန်သည့်ဆိုင်များ ပိတ်ထားခိုင်းပြီး သက်ဆိုင်ရာမှ ဝိုင်းဝန်းကြပ်မတ် ပေးဖို့လိုကြောင်း၊ ယာဉ်သွားလာမှုနှင့်ပတ်သက်ပြီး ခရီးသည်ယာဉ်သွားလာမှုကို ပိတ်ခိုင်းထားပြီး ကုန်တင်ယာဉ်များ သွားလာခွင့်ပြုထားကြောင်း၊ မြဝတီကုန်သွယ်ရေး လမ်းကြောင်းကိုမူ နဂိုအတိုင်းဆက်လက် ဖွင့်ထားပေးဆဲဖြစ်ကြောင်း၊ အောက်စီဂျင်များအား ဝယ်ယူစုဆောင်းထားခြင်းများကြောင့် ဈေးကွက်တွင် အောက်စီဂျင် ပြတ်လပ်မှုများရှိနေပြီး အောက်စီဂျင်သုံးစွဲမှု မှားယွင်းသည့်အတွက် သေဆုံးမှုများ လည်းရှိနေကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နားလည်သဘောပေါက်အောင် အသိပညာပေးဖို့လိုကြောင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီးများတွင် Oxygen Plant  နှစ်လုံးဖြင့် ဆေးရုံတက်ရောက် ကုသနေသူများကို  အောက်စီဂျင်ပေးနေပြီး မြဝတီမြို့တွင်မူ အောက်စီဂျင်လိုအပ်မှု အနည်းငယ်ရှိကြောင်း၊ mobile Oxygen Plant  ကားနှစ်စီးကို မှာယူထားပြီး နောက်လလယ်ခန့်တွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ထို့အပြင် တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၃၀၀ ခန့် ထုတ်ပေးနိုင်သည့်  Oxygen Plant   ကိုလည်း မှာယူထားကြောင်း၊ ၎င်းအတွက် ဘားအံမြို့သူမြို့သားများအပါအဝင် ပါဝင်လှူဒါန်းပေးသူများကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း၊ အောက်စီဂျင်အိုးများ ရရှိလာပါက လိုအပ်သည့်နေရာများသို့ ချက်ခြင်းဖြန့်ခွဲ ပေးသွားနိုင်မည်ဖြစ်ကြောင်း၊  ပြည်နယ်အဆင့်တွင်လည်း လူမှုအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းထားပြီး Volunteers စေတနာ့လုပ်အားရှင်များ လိုအပ်လျက်ရှိရာ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ရောဂါထပ်မံ ကူးစက်မှုမရှိအောင် ပိုမိုသတိထားဖို့လိုပြီး ဆင့်ကဲဆင့်ကဲ ရောဂါပျံ့ပွားမှုမရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ရပ်ကွက်၊ ကျေးရွာအဆင့်ထိ အားလုံး တင်းတင်းကြပ်ကြပ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

 

ထို့နောက် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အောက်စီဂျင်အိုးများ အရန်ထားရှိပေးသွားနိုင်ရေး၊ Volunteer များကို Positive Center များတွင် တာဝန်ချထားပေးနိုင်ရေးနှင့် PPE ဝတ်ဆင်နည်းကဲ့သို့သော ကာကွယ်ရေးနည်းလမ်းများကို သင်တန်းပေးနိုင်ရေး၊ ရောက်ရှိလာမည့် ကာကွယ်ဆေးများကို တပြိုင်နက် ထိုးနှံပေးသွားနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ရုံးပိတ်ရက်ရှည် ရက်တွင် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ထိထိမိမိ ကြပ်မတ်တားဆီးပေးသွားနိုင်ရေး၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အလိုက် မလိုအပ်သည့် ဈေးဆိုင်ခန်းများ ပိတ်စေပြီး ရက်အတွင်း ကာကွယ်တားဆီးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးသွားနိုင်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ယင်းနောက် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ အောက်စီဂျင် လိုအပ်ချက်များ၊ လူစုလူဝေး မဖြစ်ပေါ်စေရေး တားဆီးစစ်ဆေးမှု ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဆက်သွယ်တင်ပြပေးကြရန်နှင့် အမျိုးသားရေးဖြစ်သည့်အတွက် ကိုဗစ်ကိစ္စကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)