ချောက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖေဖော်ဝါရီလ ဒုတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၂၂) ရွာမှာ ကျေးရွာတစ်ရွာလျင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ရွာ၌ ပြည်သူထည့်ဝင်ငွေများဖြင့် ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ခြောက်ခု၊ Solar Pump တပ်ဆင်ခြင်း လုပ်ငန်းတစ်ခု၊ မီးလင်းရေးလုပ်ငန်း (၁၂) ခု၊ ကျေးရွာအဝင် လမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၂၂) ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။
ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာစုစုပေါင်း (၅၆) ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၅၆) ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေ းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


