စဉ့်ကူး၊ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း အောက်ဆီဂျင် Plant စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးသော်တာထွန်မှ အဖွင့်အမှာစကား ပြောကြားပြီး အောက်ဆီဂျင် Plant စက် တည်ဆောက်နိုင်ရေး လှူဒါန်းသည့် အလှူငွေကျပ် (၁၄၄) သိန်းအား ဗိုလ်မှူးသော်တာထွန်းနှင့် အလှူရှင်များက လောကဟိတ လူမှုကူညီရေးအသင်း ဉက္ကဋ္ဌ ဉီးအောင်ကိုလတ် ထံသို့ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတွက် အထူးလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ဖြင့် အရေးပေါ် အသက်ကယ်နိုင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၁၀၀၀) ကျော် တန်ဖိုးရှိ အောက်ဆီဂျင်စက် အမြန်ဆုံး ဝယ်ယူနိုင်ရေးအတွက် ယခင်လှူဒါန်းငွေ ကျပ်သိန်း (၈၀၀) နှင့် ယခု လှူဒါန်းငွေ ကျပ် (၁၄၄) သိန်း စုစုပေါင်း ကျပ် (၉၄၄) သိန်းရရှိပြီး ထပ်မံလှူဒါန်းမည့် အလှူရှင်များအနေဖြင့် ဆက်လက်လှူဒါန်းနိုင်ကြောင်း သိရသည်။
တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ အမြန်ဆုံး တည်ဆောက်နိုင်ရေး၊ အလှူရှင်များရရှိရေးနှင့် လိုအပ်သည်များ ပါဝင်ဆောင်ရွက် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)


