စစ်တွေ ဇူလိုင် ၁၇
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် စစ်တွေတက္ကသိုလ်ရှိ Quarantine Center များအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တွေဟိုတယ်ကမ်းခြေနှင့် ပွိုင့်ကမ်းခြေတို့အား ခေတ္တပိတ်ထားမှုအခြေအနေကို လည်းကောင်း၊ စစ်တွေမြို့ ကစ္ဆပရပ်ကွက် ဖို့မြေနေရာကို ခေတ္တပိတ်ထားမှု အခြေအနေကိုလည်းကောင်း စစ်ဆေးသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ် (အဟောင်း)၌ Quarantine Center ထားရှိမည့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်တွေခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ပြသကြသည်။
စစ်တွေတက္ကသိုလ်(အဟောင်း) Quarantine Center တွင် (Stay at Home) သတ်မှတ် ထားသည့် မြို့နယ်များမှ စစ်တွေမြို့သို့ လာရောက်သူ(၁၅၀)ထားရှိနိုင်ရန် စီစဉ်ထားပြီး (Stay at Home) နေရာများမှ စစ်တွေမြို့သို့ ရောက်ရှိလာကြသူများအား ထားရှိနိုင်ရန် Quarantine Center အဖြစ် စစ်တွေတက္ကသိုလ် အဟောင်းနေရာ၊ ခိုင်သဇင် ပန်းခြံခန်းမ၊ လောကာနန္ဒာ စေတီတော်အတွင်းမှ သာသနာ့ဗိမာန်တော်၊ ရေချမ်းပြင်ကျေးရွာအနီးတွင် ရှိသည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းနှင့် ပြည်နယ်လွှတ်တော်အဆောက်အဦများ အရန်အသင့် စီစဉ်ထားကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


