မိုင်းဖြတ် ဇူလိုင် ၁၈

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှစ၍ ယာယီပျံကျစျေးကို မြို့မအားကစားကွင်းအနီး လေယာဉ်ကွင်းဟောင်း၌ ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

 

ယာယီပျံကျစျေးဖွင့်လှစ်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့မစျေးအတွင်းရှိ ပျံကျစျေးသည်များနှင့် အသားငါးရောင်းချသည့် စျေးသည်များအား  ပျံကျစျေးနေရာသို့ ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် အသိပေကြေညာထားပြီးဖြစ်ပြီး ယာယီပျံကျစျေး၌ စျေးရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စျေးသည်များအနေဖြင့် နှာခေါင်းစည်း(Mask)များ၊ လက်အိတ်၊ မျက်နှာကာများ တပ်ဆင်ရောင်းချနိုင်ရေး၊ စျေးဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင် ခြောက်ပေအကွာရောင်းချရေး အသိပေးထားကြောင်း သိရသည်။

 

ယာယီပျံကျစျေးတွင် အသားငါးဆိုင်၊ အသီးအရွက်ဆိုင်၊ စားသောက်ကုန် ဆိုင်ခန်းပေါင်း ၁၅၀ ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ရွှေကို(မိုင်းဖြတ်)