ကျိုက်မရော ဇူလိုင် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် မြို့နယ် အတွင်းရှိ သုခမြိုင်ကျေးရွာနှင့် ရွှေဝါချောင်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် သုခမြိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ် ခင်းခြင်းနှင့် ရွှေဝါချောင်ကျေးရွာ ကျေးရွာတွင်လမ်း အရှည်ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတို့ကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၇၄ သိန်း စုစုပေါင်းငွေကျပ် ၃၇၄ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ကျိုက်မရော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးပြည့်ဦးကိုကို၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ကျေးရွာနှစ်ရွာရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် အိမ်ခြေ ၃၆၂ အိမ်၊ လူဦးရေ ၂၄၈၄ ဦးတို့အတွက် ရာသီမရွေး သွားလာမှုများ အဆင်ပြေသွားပြီဖြစ်ကြောင်းသိရသည်။
ကျော်ဦး


