တံတားဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ၂၀၂၀−၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် (RS to CS) ဧက ၂၀ မျိုးစေ့နှင့် ဓာတ်မြေဩဇာကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မျိုးစေ့နှင့်ဓာတ်မြေဩဇာ ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က မျိုးသန့်ပွား ဆောင်ရွက်လျက်ရှိသော စပါးမျိုးများဖြစ်သည့် အရည်အသွေး ကောင်းမွန်သော ဧရာမင်းစပါးမျိုး၊ အထွက်ကောင်းသော မနောသုခစပါးမျိုးနှင့် ဆင်းသုခစပါးမျိုး စိုက်ပျိုးကြသော တောင်သူများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဘတ်ဂျက်အကူအညီဖြင့် မျိုးစေ့ထုတ်ရန် ပြူကန်ကျေးရွာမှ တောင်သူ ၁၄ ဦး၏ စိုက်ဧက ၂၀ အတွက် မနောသုခမျိုး (RS) တင်း ၂၀ နှင့် ဓာတ်မြေဩဇာ အိတ်တစ်ဝက်နှုန်းစီ ထောက်ပံ့ ပေးအပ်သည်။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၀−၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရန် ဧက ၁၄၃၇၇ ဧကလျာထားပြီး မျိုးကောင်းမျိုးသန့်ပွား စိုက်ပျိုးနိုင်ရန်အတွက် မျိုးသန့်စံပြရွာမှ ဧက ၂၁၀၊ အကျိုးဆောင်တောင်သူများ မှ ၁၅ ဧက၊ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ငါးဧက၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဧက ၂၀ စုစုပေါင်း ဧက ၂၅၀ စိုက်ထားကြောင်း သိရသည်။
အောင်ကျော်မိုး(တံတားဦး)


