mdn

 

မိုင်းယောင်း ဇူလိုင်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဇူလိုင် ၁၆ ရက်တွင် မီးဘေးသင့်ခဲ့သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်း ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု ငါးစုအတွက် ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း များကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သော တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ငါးစုံ၊ မီးဖိုချောင်သုံးပစ္စည်းများ ငါးစုံ၊ ဂုဏ်သိက္ခာသုံးပစ္စည်းများ ၁၄ စုံ၊ တာပေါ်လင် (Tarpaulin) ၁၀ ခု၊ စောင် ၂၃ ထည်၊ ခြင်ထောင် ၂၃ ထည် စသည့် မီးဘေးကယ်ဆယ်ရေး ပစ္စည်းများကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်နှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ဝန်ထမ်းများက မီးဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကျေးရွာအတွင်းရှိ ကျောင်းနေအရွယ် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သော ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ လက်သန့် ဆေးရည်များ၊ မိုးကာအင်္ကျီ၊ ခေါက်ဆွဲခြောက်နှင့် မုန့်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း