ပျော်ဘွယ် ဇူလိုင် ၁၉
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ဆံပင်လုပ်ငန်းရှင်များအဖွဲ့မှ မတည်လှူဒါန်းငွေနှင့် ပျော်ဘွယ်မြို့နယ် အလင်းရောင် ပရဟိတအဖွဲ့မှ ဦးဆောင်ကာ အောက်စီဂျင်စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် ဆံပင်လုပ်ငန်းရှင်များအဖွဲ့မှ မတည်လှူဒါန်းငွေကျပ်သိန်း (၁၃၀၀)၊ အလှူရှင်များစုပေါင်းလှူဒါန်းငွေများနဲ့ တည်ဆောက်သွားမှာဖြစ်ပါတယ်၊ ယခုအချိန်မှာဆိုရင် အောက်ဆီဂျင် ထုတ်တဲ့စက်ကို မှာယူပြီးဖြစ်ပါတယ်၊ စက်တန်ဖိုးက ကျပ်သိန်း(၁၁၅၀)ကျပါတယ်၊ ၎င်းအပြင်(၃၀)လီတာဆံ့၊ (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးပေါင်း(၁၄၀)ကိုလည်းမှာယူထားရှိပြီး ဇူလိုင်လကုန်ခန့်မှာရောက်ရှိမယ်လို့ ခန့်မှန်းထား ပါတယ်၊ စက်ရုံတစ်ခုလုံးပြီးစီးဖို့အတွက် ငွေကျပ်သိန်း(၂၅၀၀)ခန့်ကုန်ကျမည်ဟုခန့်မှန်းထားပါတယ်” ဟု အလင်းရောင် ပရဟိတအဖွဲ့ဒုတိယဉက္ကဌ ဦးကျော်ကျော်ဝင်း က ရှင်းပြသည်။
အောက်စီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလင်းရောင်ပရဟိတအသင်းအနေဖြင့် အောက်ဆီဂျင်လိုအပ်လျက်ရှိသောလူနာများထံ (၄၀)လီတာဆံ့ အောက်ဆီဂျင်(၂၀)အိုးဖြင့် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)


