ကုန်းကြမ်း   ဇူလိုင်   ၁၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု ရန်ပုံငွေကျပ် ၁၅၄ ဒသမ ၄၅ သန်း အသုံးပြုကာ ကျေးရွာခြောက်ရွာ၌ စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ယခုနှစ်ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကုန်းကြမ်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန်ချင်း၊ ချန်မော်စီး၊ ပန်းကျုံး၊ ရှားမန်ဆာ(အောက်)၊ ရွှေကူကျိုင်း၊ ဟေရှောင်ကျေးရွာစသည့် ကျေးရွာခြောက်ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၇၅ ဒသမ ၄၂ သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၉ ဒသမ ၀၃ သန်း စုစုပေါင်းငွေကျပ် ၁၅၄ ဒသမ ၄၅ သန်းဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းခြောက်ခုကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူအကာင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုန်းကြမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဝေက ပြောသည်။

“ ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ ကျေးရွာတွေကတော့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ယခုနှစ်တွင် ကျေးရွာခြောက်ရွာ၌ ရေပေးရေး လုပ်ငန်းခြောက်ခုကိုဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အဲဒီကျေးရွာများရှိ အိမ်ခြေ(၂၄၅)အိမ်၊ လူဦးရေ(၁၄၆၇)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရဖူလုံရေးအတွက် အကျိုးပြုလျက်ရှိတယ်လို့ ” မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဝေက ဆက်လက်ပြောပြသည်။

စိုးမိုးကျော်