မြဝတီ ဇူလိုင် ၁၉

 

                ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်စီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို  မြဝတီနယ်စပ်မှတစ်ဆင့်  တင်သွင်းခွင့်ပြုပေးလျက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် Liquid Oxygen အရည် ၁၈ ဒဿမ ၈၉ တန် သယ်ဆောင်လာ သော မော်တော်ယာဉ်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီက မြဝတီကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။

 

                အဆိုပါ Liquid Oxygen အရည်များသည် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

                ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးတွင် အဓိက လိုအပ်လျှက်ရှိသည့် Liquid Oxygen အရည် တင်သွင်းလာမှုအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန် ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိ လွယ်ကူလျှင်မြန်စေရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များတင်သွင်းမှုအ တွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျော့ခွင့်ပြုပေးထားကြောင်းလည်း မြဝတီကုန်သွယ်ရေး ဇုန်မှ သိရသည်။

 

                                                                                                                                                                                           ထိန်လင်းအောင်